Saturday, January 21, 2012

Zombie နှင့် မြန်မာ့ဓလေ့


           ဖုတ်ကောင်များ နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ  ပထမဦးဆုံးလွှင့်တင်တဲ့ blog ဖြစ်တယ်လို့ယူဆပါတယ်။ ဖုတ်ကောင်တွေနဲ့ ပတ်သက်လို့ ပရိသတ်များ ကြားဖူးနားဝရှိမှာပါ။ သရဲကားကြိုက်နှစ်သက်တဲ့သူတွေဆို ပိုပြီးတော့ သိမှာပေါ့။ ဖုတ်ကောင်တွေပါတဲ့ ရုပ်ရှင်ကားတွေကို ကြည့်ဖူး ကြမယ်ထင်ပါတယ်။ ဖုတ်ကောင်တွေပါဝင်တဲ့ နာမည်ကြီးရုပ်ရှင်ကား တွေကတော့ Resident Evil ရုပ်ရှင်ကား တွေပါပဲ။ အဲဒီရုပ်ရှင်က ဂိမ်းလဲရှိတော့ ဂိမ်းဝါသနာရှင်တွေ တော်တော် များများသိကြမှာပါ။ ဆော့လို့ကောင်းတဲ့ ဂိမ်းအမျိုးအစားတွေထဲမှာ ပါတယ်လေ။ ပြီးတော့ Plant Vs Zombie ဆိုတဲ့ ဂိမ်းဟာလည်း ၂၀၀၉ ခုနှစ်ကစပြီး အခုချိန်ထိ ကလေး၊ လူငယ်၊ လူကြီး အားလုံးကြိုက်နှစ်သက်ပြီး ဆော့ကစားနေကြတဲ့ ဂိမ်းဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တဲ့ ဖုတ်ကောင်တွေဆိုတာကတော့ အဲဒီဂိမ်းလေး ထဲမှာပါတဲ့ Zombie ဆိုတဲ့ ခြေထောက် ထော့နဲ့ထော့နဲ့ အကောင်လေးတွေပါပဲ။
          ဂိမ်းထဲမှာတော့ ကလေးတွေမကြောက်ဖို့နဲ့ အပျင်းပြေ ဆော့လို့ရအောင် ဟာသလုပ်ပြီး ပုံဆွဲထားတာ ပေါ့။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ လူကြီးတွေက သရဲပုံပြင် ပြောပြီ ဆိုရင် တစ္ဆေ၊ တဘက်၊ ကြတ်၊ စုန်းအစရှိတဲ့ သရဲတွေအကြောင်းပဲပြောတာ များပါတယ်။ ဖုတ်ကောင် အကြောင်းပြောတာ တော်တော်ကြီးကို နည်းပါတယ်။ ဖုတ်ကောင်အကြောင်းလို့ ဆိုလိုက်တာနဲ့ သေကာနီး လူမမာဆီကို ၀င်ပူးတဲ့ သရဲအကြောင်း တွေပဲများပါတယ်။ သရဲက လူမမာကိုယ်ထဲ ၀င်ပူးပြီးတော့ ညကျရင် အစားအသောက်တွေခိုးစားတဲ့အကြောင်း၊ မနက်ကျရင် ညောင်းတယ်ဆိုပြီး နှိပ်ခိုင်း ပြီးတော့ အသားချင်းကပ်ရင် သွေးစုပ်တဲ့အကြောင်း၊ ဖုတ်ကို ထွက်စေချင်ရင် သြဇာရွက်တို့၊ ဖဲချပ်တို့၊ ဘုရားအုတ်နီခဲတို့ကို ဖျာအောက်သွင်းထားရမယ်ဆိုတဲ့ အကြောင်း၊ ဖုတ်ထွက်သွားပြီးရင် ချက်ချင်းပဲ လူမမာကြီးက ပုပ်ပွသွားတဲ့အကြောင်း စတဲ့အကြောင်းတွေကိုပဲ နားထောင် ခဲ့ရပါတယ်။
          လူကြီးတွေကတော့ ရပ်ကွက်ထဲမှာပဲ ဖြစ်ခဲ့သလိုလို၊ သူတို့ကိုယ်တိုင်ပဲ ကြုံခဲ့သလိုလိုနဲ့ ပြောကြ တာပေါ့။ ဒါပေမယ့် ကလေးတွေကို ကြောက်အောင်ခြောက်တာတွေ များပါတယ်။ မမြင်ရတဲ့ အရာတွေနဲ့ ကလေးတွေကို အကြောက်တရား ပိုများသွားအောင် ခြောက်တဲ့ သဘောမျိုးပါပဲ။ ညဘက်အပြင်ထွက်ကစားရင် ထိခိုက်မိမှာစိုးလို့ အမှန်မပြောဘဲ မှောင်ရင် သရဲလာမယ်လို့ ကလေးတွေစိတ်ထဲကို ရိုက်သွင်းပေးခဲ့ကြပါတယ်။ အဲဒီတော့ ကလေးတွေမှာ မှောင်ရင်လည်းကြောက်၊ တစ်ယောက်တည်းနေရင်လည်းကြောက်၊ အိပ်မပျော်ရင်လည်း ဟိုတွေးဒီတွေးနဲ့ကြောက်၊ အပင်ကြီးကြီး တွေ့လဲကြောက်၊ အသံကျယ်ကျယ်ကြားလဲကြောက် အကြောက်သံသရာကြီးထဲမှာ တစ်ဝဲလည်လည်ဖြစ် နေတာပေါ့။ အဲဒီလွန်အကြောက်လွန်တတ်တဲ့ ကလေးတွေ က လူကြီးဖြစ်တဲ့အထိ ကြောက်တတ်ပါတယ်။ အဖိုးကြီး၊ အဖွားကြီးဖြစ်တဲ့အထိလည်း ကြောက်ဦးမှာပါပဲ။ သရဲကို ကြောက်တာဟာ သွေးသံရဲရဲကို ကြောက်တာနဲ့ မဆိုင်ပါဘူး။ အမှောင်ကို ကြောက်တာကလည်း စိတ်ရောဂါတစ်မျိုးပါ။ သရဲကို ကြောက်တယ်ဆိုတာ မမြင်ဘူးတဲ့ဟာကို စိတ်ထဲက မှန်းဆပြီး ကြောက်နေတာပါပဲ။ ဟိုအပင်အောက် မသွားရဲ၊ သချိုင်္င်းကုန်း မဖြတ်ရဲ၊ လူသေကောင်ကိုမကြည့်ရဲတာတွေဟာ လူကြီးတွေရဲ့ မှားယွင်းတဲ့ဆုံးမမှု တွေကြောင့်ပါ။ နောက်တစ်ချက်ကတော့ မြန်မာပြည်မှာ ထုတ်ဝေနေတဲ့ ထိတ်လန့်သည်းဖို ၀တ္ထုတွေ ကြောင့်ပါ။
          မြန်မာပြည်မှာထုတ်တဲ့ သရဲဝတ္ထုတွေ ကလည်း တစ္ဆေ၊ သရဲ၊ ဘီလူး စတဲ့ အကြောင်းတွေ ပဲပါပြီး ဖုတ်ကောင်အကြောင်းတော့ ဘယ်စာအုပ်ထဲမှာမှ မတွေ့မိပါဘူး။ အဲဒီလိုဖြစ်ရတာဟာ ဆင်ဆာကြောင့် လို့လည်းထင်ပါတယ်။ ဖုတ်ကောင်ဇာတ်လမ်းတွေဟာ များသောအားဖြင့် ၀ရုန်းသုံးကားနဲ့ မြို့ပျက်၊ ကမ္ဘာပျက်တာတွေများတော့ မြန်မာပြည် ဆင်ဆာအဖွဲ့က အဲဒီလိုဇာတ်လမ်းဝတ္ထုမျိုးတွေ ထုတ်ဝေခွင့်ပေးမှာ မဟုတ်ပါဘူး။ စာအုပ်တောင် ထုတ်ဝေခွင့်မပေးမှတော့ ရုပ်ရှင်ဇာတ်လမ်းဆိုတာ စဉ်းစားလို့တောင် မရတော့ပါဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့တွေ ထိတ်လန့်သည်းဖို ၀တ္ထုတွေ ဖတ်လိုက်ရင် ဂမ္ဘီရဆန်ဆန် အကြောင်းနဲ့ သရဲလိုလို နတ်လိုလိုအကြောင်းတွေပဲ ဖတ်နေရတာပါ။ စာအုပ်လေးတွေက ပါးရတဲ့ အထဲ ဇာတ်လမ်းနဲ့ ဘာမှ မဆိုင်တဲ့ ဂမုန်းအကြောင်းကို စာမျက်နှာ ၂၀ လောက်ထည့်ထားတာတွေလည်း ဖတ်ဖူးပါတယ်။ ပြီးတော့ ဇာတ်လမ်းတွေက ဆန်းသစ်မှုမရှိပါဘူး။ ဖော်မြူလာ ပုံသေနည်းနဲ့ သွားနေတဲ့ ဇာတ်လမ်းတွေပါပဲ။ နောက်ဆုံးမှာ လောဘဇောတိုက်တဲ့သူတွေက သေပြီး မင်းသားက မင်းသမီးနဲ့ ညားသွားတယ်ဆိုတာပဲ များပါတယ်။
          အဲဒီစာအုပ်တွေထဲမှာပါတဲ့ ဒဿနတွေကလည်း ရှေးရှေးတုန်းက ပါပြီးသား ဒဿနတွေပါပဲ။ ထိုးဖောက်တဲ့ အတွေးအမြင် တစ်ခုမှ မပါဝင်ပါဘူး။ အဲဒီလို စာအုပ်မျိုးတွေပဲ ဖတ်နေလို့ကတော့ ကျွန်တော်တို့ လူမျိုးရဲ့ အတွေးအခေါ်တွေ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်အဓိကပြောချင်တဲ့ အကြောင်းကတော့ ထိတ်လန့်သည်းဖိုဝတ္ထုတွေ ဖတ်ရတာခြင်း အတူတူ ဖော်မြူလာပုံသေနည်းတွေနဲ့ မဲပြာပုဆိုးအကြောင်းအရာတွေပဲ ပါတဲ့ဝတ္ထုတွေပဲ ဖတ်နေရတာထက်စာရင် ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ တင်ပြပုံသစ်လွင်တဲ့ ၀တ္ထုမျိုးကို ဖတ်ရတာကောင်းပါတယ်။ မြန်မာပြည်ထိတ်လန့်သည်းဖိုဝတ္ထုလောကမှာတော့ လတ်တလော ဆန်းသစ်တဲ့ အတွေးအခေါ်အချို့ကို ချပြနေတာကတော့ စာရေးဆရာ သတိုးတေဇပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူလည်း ဆင်ဆာနဲ့ ငြိစွန်းနေတဲ့အတွက် ဖုတ်ကောင်ဝတ္ထုတွေကို မထုတ်ဝေနိုင်ပါဘူး။ အဲဒါကြောင့်မို့လို့ မြန်မာပြည်မှာ ဖုတ်ကောင်နဲ့ ပတ်သက်တဲ့ ရုပ်ပြတွေ၊ ၀တ္ထုတွေ တစ်ခုမှ မရှိသေးပါဘူး။ Website တွေ၊ blog တွေလည်း မရှိသေးပါဘူး။ ဒါကြောင့် မြန်မာပြည်မှာ ဖုတ်ကောင်ဇာတ်လမ်းကောင်းတွေ ပေါ်ထွက်လာနိုင်အောင် Zombie မြန်မာ blog ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
          ဒီ blog ထဲမှာ ဖုတ်ကောင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဖုတ်ကောင် အမျိုးအစားတွေ၊ ဖုတ်ကောင်တွေကို ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတဲ့ အချက်တွေ၊ ဖုတ်ကောင်တွေ လက်ထဲက ဘယ်လို လွတ်မြောက်အောင် ပြုလုပ်ရမလဲဆိုတဲ့ အချက်တွေ၊ ဖုတ်ကောင်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်၊ ဂိမ်းစတဲ့ အကြောင်းအရာတွေကို တတ်နိုင်သမျှ စုံလင်အောင် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


No comments:

Post a Comment